အပိုထောက်ပံ့ကြေးငွေ ၁၀၀၀ ကျပ် သို့မဟုတ် အနည်းဆုံးအခကြေးငွေသတ်မှတ်ကြေငြာခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်၊ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၇၀/၂၀၂၃ ကို ထုတ်ပြန်၍ နိုင်ငံဝန်ထမ်းများနှင့် တပ်မတော် (ကြည်း၊ ရေ၊ လေ) ဝန်ထမ်းများအား တစ်ဦးလျှင် တစ်လ ကျပ် ၃၀,၀၀၀/- (ကျပ်သုံးသောင်းတိတိ) ကိုလည်းကောင်း အစိုးရဌာနများနှင့် အဖွဲ့အစည်းများရှိ နေ့စားအလုပ်သမားများအား အလုပ်ချိန် (၈) နာရီ တစ်ရက်အတွက်လုပ်ခ ၄,၈၀၀/- ကျပ်အပေါ် အပိုထောက်ပံ့ကြေး ၁,၀၀၀/- ကျပ်တိတိ (တစ်ထောင်ကျပ်တိတိ) ကိုလည်းကောင်း တိုးမြှင့်ခံစားခွင့်ပေးခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ သည် အနည်းဆုံးအခကြေးငွေနှုန်းထား ပြင်ဆင်သတ်မှတ်ကြေညာခြင်း ခေါင်းစဥ်ဖြင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၉) ရက်နေ့ ရက်စွဲပါ၊ အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၃) ကိုထုတ်ပြန်၍ ပုဂ္ဂလိကလုပ်ငန်းများရှိ အလုပ်သမားများအား အလုပ်ချိန် ၈ နာရီတစ်ရွက်အတွက် ၄,၈၀၀/- ကျပ်အပေါ် အပိုထောက်ပံ့ကြေး ၁,၀၀၀/- ကျပ် တိုးမြှင့်သတ်မှတ်ခဲ့သည်။ ထိုအမိန့်ကြော်ငြာစာတွင် -

၂။ အနည်းဆုံးအခကြေးငွေနှုန်းထားကို ၂၀၁၃ ခုနှစ်၊ အနည်းဆုံးအခကြေးငွေဥပဒေပုဒ်မ ၁၀၊ ပုဒ်မခွဲ (ဃ) နှင့်အညီ သုံးပွင့်ဆိုင်ကိုယ်စားလှယ်များနှင့် ညှိနှိုင်းဆွေးနွေးပွဲများ ပြုလုပ်၍ ဆုံးဖြတ်ခဲ့သည့် မြန်မာနိုင်ငံရှိ အလုပ်သမားများအတွက် နေရာဒေသနှင့် လုပ်ငန်းအမျိုးအစားမခွဲခြားဘဲ တစ်နိုင်ငံလုံးတစ်ပြေးညီ တစ်နာရီလျှင် ၆၀၀ ကျပ် (ခြောက်ရာကျပ်) နှုန်းဖြင့် အလုပ်ချိန် ၈ နာရီ (တစ်ရက်) အတွက် ၄,၈၀၀ ကျပ် (လေးထောင့်ရှစ်ရာကျပ်) ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် အမျိုးသားကော်မတီမှ ၁၄-၅-၂၀၁၈ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၂/၂၀၁၈) ဖြင့် ထုတ်ပြန်သတ်မှတ်ခဲ့ပါသည်။

၃။ ထို့အပြင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှစ၍ အပိုထောက်ပံ့ကြေး ၁,၀၀၀/- ကျပ် (တစ်ထောင်ကျပ်တိတိ) ကို အလုပ်လုပ်သော ရက်များနှင့် ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက်အက်ဥပဒေအရ ခံစားခွင့်ပြုရန် ဖြစ်ပါသည်။

ဟုပါရှိသည်။ ထို့ကြောင့် အလုပ်သမားများအားလုံး၏ တစ်နေ့အခြေခံလုပ်ခရငွေအပေါ်တွင် အပိုထောက်ပံ့ကြေး ၁,၀၀၀/- ကျပ် ထပ်မံပေါင်းထည့်ပေးရမည်ဖြစ်သည်။ ဥပမာ - ၄,၈၀၀ ကျပ် ရနေသော အလုပ်သမားသည် ၄,၈၀၀ အပေါင်း ၁,၀၀၀ ဖြင့် ၅,၈၀၀ ကျပ်ဖြစ်သည်။ သို့သော် ၅,၆၀၀ ကျပ် ရနေသော အလုပ်သမားများအတွက်မူ ၅,၆၀၀ အပေါင်း ၁,၀၀၀ ဖြင့် ၆,၆၀၀ ကျပ် ဖြစ်စရာမလိုပဲ (ဤသို့ဖြစ်လျှင်ပိုကောင်းပါသည်) နောက်ထပ် ၂၀၀ ကျပ်ထပ်ပေါင်း၍ ၅၈၀၀ ကျပ်ဖြစ်လျှင် ရပြီဖြစ်ကြောင်း သက်ဆိုင်ရာဦးစီးဌာန တာဝန်ရှိသူများ ပြောကြားထားသည်ကို တွေ့ရသည်။

Comments

Popular posts from this blog

ဒီပါဝလီနေ့ ပိတ်ရက်ကြေညာခြင်း

အလုပ်ထွက်သွားသော အလုပ်သမားများ၏ လုပ်ခကျန်ငွေ ပေးချေခြင်း သို့မဟုတ် Resign လစာ ပေးချေခြင်း

စက်ရုံ၊ အလုပ်ရုံများတွင်လိုက်နာရမည့် အိမ်သာနှင့်ပတ်သက်သော ပြဌာန်းချက်များ