အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူညီချက်စာချုပ်

အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေ တွင် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ် ချုပ်ဆိုခြင်း အပိုင်းကို ပြဌာန်းသည်။ ယင်းဥပဒေ ပုဒ်မ ၅(က) တွင် 

၁။ အလုပ်ရှင်သည် အလုပ်သမားအား အလုပ်တစ်ခုခုကို လုပ်ကိုင်ရန် ခန့်အပ်ပြီးပါက ရက်ပေါင်း ၃၀ အတွင်း အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ် ချုပ်ဆိုရမည်။ သို့ရာတွင် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းတွင် အမြဲတမ်းဝန်ထမ်း ခန့်အပ်ခြင်းနှင့် သက်ဆိုင်ခြင်းမရှိစေရ။

၂။ အလုပ်ခန့်ထားခြင်းမပြုမီ အကြို သင်တန်းကာလနှင့် အစမ်းခန့်ကာလ သတ်မှတ်ပါက ယင်းသင်တန်းသားသည် ပုဒ်မခွဲငယ် (၁) ပါ သတ်မှတ်ချက်နှင့် သက်ဆိုင်ခြင်းမရှိစေရ။

ပုဒ်မ ၅ (ခ) တွင်မူ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်တွင် ပါဝင်ရမည့် စုစုပေါင်း ၂၁ ချက်ရှိသော အချက်များကို ဖော်ပြသည်။ ထို့နောက် ပုဒ်မ ၅(ဂ) မှ (ဇ) အထိ အောက်ပါတို့အတိုင်း ပြဌာန်းထားသည်ကို လေ့လာမှတ်သားသင့်ပါသည်။

(ဂ)  အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်တွင် ထည့်သွင်းချုပ်ဆိုသော လုပ်ငန်းခွင်စည်းကမ်းများသည် တည်ဆဲဥပဒေတစ်ရပ်ရပ်နှင့် ညီညွတ်ရမည့်အပြင် အလုပ်သမား၏ အကျိုးခံစားခွင့်များသည်လည်း တည်ဆဲဥပဒေ တစ်ရပ်ရပ်ပါ ခံစားခွင့်များအောက် လျော့နည်းခြင်း မရှိစေရ။
(ဃ)  အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်အရ သတ်မှတ်ကာလထက်စော၍ လုပ်ငန်းပြီးဆုံးသွားလျှင်သော်လည်းကောင်း၊ မမျှော်လင့်သော အကြောင်းကြောင့် လုပ်ငန်းတစ်ခုလုံးကိုဖြစ်စေ၊ လုပ်ငန်းတစ်စိတ်တစ်ပိုင်းကိုဖြစ်စေ၊ ရပ်စဲလိုက်ရလျှင်သော်လည်းကောင်း၊ အကြောင်းအမျိုးမျိုးကြောင့် အလုပ်ရပ်စဲရန်ကိစ္စ ပေါ်ပေါက်လျှင်သော်လည်းကောင်း၊ အလုပ်ရှင်က အလုပ်သမားအား သတ်မှတ်ထားသော နစ်နာကြေးပေးရန် ဝန်ကြီးဌာနသည် အမိန့်ကြော်ငြာစာ ထုတ်ပြန်ရမည်။
(င)  ပုဒ်မခွဲ (က) အရ ချုပ်ဆိုသော အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်သည် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၌ ယာယီခန့်ထားသည့် နေ့စားအလုပ်သမား၊ ပုတ်ပြတ်အလုပ်သမားများနှင့်လည်း သက်ဆိုင်စေရမည်။
(စ)  အလုပ်ရှင်နှင့် အလုပ်သမား သို့မဟုတ် အလုပ်သမားများသည် နှစ်ဖက်သဘောတူညီမှုဖြင့် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်ပါ လုပ်ငန်းခွင်စည်းကမ်းနှင့် အကျိုးခံစားခွင့်များကို တည်ဆဲဥပဒေနှင့်အညီ လိုအပ်သလို ပြင်ဆင်နိုင်သည်။
(ဆ)  အလုပ်ရှင်နှင့် အလုပ်သမား ချုပ်ဆိုပြီးသော အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ် မိတ္တူကို သက်ဆိုင်ရာ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးသို့ သတ်မှတ်ကာလအတွင်း အလုပ်ရှင်က ပေးပို့ပြီး အတည်ပြုချက်ရယူထားရမည်။
(ဇ)  ဤဥပဒေ အတည်မဖြစ်မီ ချုပ်ဆိုခဲ့သော အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်များသည် မူလစာချုပ်သက်တမ်းကုန်ဆုံးသည်အထိ အတည်ဖြစ်စေရမည်။

ထို့နောက် ယင်းဥပဒေ၏ ပုဒ်မ (၃၈) နှင့် (၃၉) တို့တွင် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်နှင့် သက်ဆိုင်သော ပြစ်မှု၊ ပြစ်ဒဏ်များကို ဆက်လက်ပြဌာန်းထားသည်။

၃၈။  မည်သည့် အလုပ်ရှင်မဆို အောက်ပါပြုလုပ်မှုတစ်ရပ်ရပ်ကို ပြုလုပ်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ခြောက်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည်။
(က)  ပုဒ်မ ၅၊ ပုဒ်မခွဲ (က) အရ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ် ချုပ်ဆိုရန် ပျက်ကွက်ခြင်း။
(ခ)  ပုဒ်မ ၃၀၊ ပုဒ်မခွဲ (က) အရ ပေးသွင်းရမည့် ထည့်ဝင်ကြေးပေးသွင်းရန် ပျက်ကွက်ခြင်း။
၃၉။  မည်သူမဆို အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်ပါ အချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးလထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည်။

အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေ၊ ပုဒ်မ (၅) အရချုပ်ဆိုရမည့် အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူညီချက်စာချုပ် စာချုပ်ပုံစံကို ၂၀၁၅ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၇ ခုနှစ်တွင် တစ်ကြိမ် အမိန့်ကြော်ငြာစာများဖြင့် ထုတ်ပြန်ခဲ့သည်။ ၂၀၁၅ ခုနှစ်၊ အမိန့်ကြော်ငြာစာကို ၂၀၁၇ ခုနှစ်၊ အမိန့်ကြော်ငြာစာဖြင့် ပျက်ဖျက်ထုတ်ပြန်ထားခြင်းဖြစ်သည်။ ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်၊ ရက်စွဲပါ၊ အမိန့်ကြော်ငြာစာအမှတ် (၁၄၀/၂၀၁၇) တွင် အလုပ်သမား (၅) ဦးနှင့်အထက်ရှိ စက်ရုံ၊ အလုပ်ရုံ၊ ကုမ္ပဏီများ၊ အလုပ်ဌာနများနှင့် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၌ ယာယီခန့်ထားသည့် နေ့စားအလုပ်သမားနှင့် ပုတ်ပြတ်အလုပ်သမားများတးစ်ဦးချင်း ချုပ်ဆိုရမည်ဖြစ်ပြီး အလုပ်ရှင်နှင့် အလုပ်သမားနှစ်ဖက် လက်မှတ်ရေးထိုးချုပ်ဆိုပြီးပါက သက်ဆိုင်ရာမြို့နယ် သို့မဟုတ် ခရိုင်ရှိ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးသို့ အတည်ပြုချက်ရယူရန် ဟုဖော်ပြပါရှိသည်။

၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်၊ ရက်စွဲပါ၊ အမိန့်ကြော်ငြာစာအမှတ် (၁၄၀/၂၀၁၇) နှင့် ၎င်းအမိန့်ကြော်ငြာစာအရ ထုတ်ပြန်သော အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ် ပုံစံအားရန်။

Comments

Popular posts from this blog

Decision of 352nd Session of ILO Governing Body

အလုပ်ထွက်သွားသော အလုပ်သမားများ၏ လုပ်ခကျန်ငွေ ပေးချေခြင်း သို့မဟုတ် Resign လစာ ပေးချေခြင်း

ကလေးလုပ်သမားခိုင်းစေခြင်းနှင့် လူငယ်အလုပ်သမားခိုင်းစေခြင်း