စာဖြင့်သတိပေးခြင်း၊ ဝန်ခံကတိလက်မှတ်ရေးထိုးစေခြင်းနှင့် အလုပ်မှရပ်စဲခြင်း
၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်၊ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၄၀/၂၀၁၇) ဖြင့် ထုတ်ပြန်ခဲ့သော အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူညီချက်စာချုပ်ပုံစံတွင် အလုပ်သမားဥပဒေပြဌာန်းများတွင် ပါဝင်ခြင်းမရှိသော အလုပ်မှနှုတ်ထွက်ခြင်းနှင့် အလုပ်မှရပ်စဲခြင်း အပိုင်းကို အောက်ပါအတိုင်း ထည့်သွင်းသတ်မှတ်ထားသည်။
အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ် အပိုဒ် - ၁၅(က) အရ အလုပ်မှနှုတ်ထွက်လိုသော အလုပ်သမားသည် သက်ဆိုင်ရာ လုပ်ငန်းခွဲတာဝန်ခံမှတဆင့် အလုပ်ရှင် သို့မဟုတ် မန်နေဂျာ သို့မဟုတ် စီမံအုပ်ချုပ်သူထံသို့ အနည်းဆုံး တစ်လ ကြိုတင်၍ အကြောင်းကြားရန်
တာဝန်ရှိပါသည်။ ထိုသို့ အလုပ်မှတရားဝင်နှုတ်ထွက်ရာတွင် အလုပ်သမားသည် မိမိအား ထုတ်ပေးထားသည့် လစာကတ်၊ ဝန်ထမ်းကတ်၊ လုပ်ငန်းသုံးပစ္စည်းများနှင့် မိမိတာဝန်ယူထားသည့် စာရင်းများ၊ ငွေကြေးများ၊ ပစ္စည်းများကို အလုပ်ရှင်ထံသို့ စနစ်တကျ လွှဲပြောင်းပေးရမည်ဖြစ်ပါသည်။
အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ် အပိုဒ် (၁၅)(ခ) ပါ သတ်မှတ်ချက်များအရ အလုပ်ရှင်သည် အလုပ်သမားအား အလုပ်ရပ်စဲသောအခါ အောက်ပါအချက်များဖြင့်ပြည့်စုံရန် လိုအပ်သည်။
၁။ | ခိုင်လုံသော အကြောင်းပြချက်ရှိရမည်။ |
၂။ | မှတ်တမ်းမှတ်ရာများ ဆောင်ရွက်ထားရှိရမည်။ |
၃။ | ရုံးအမိန့်စာရေးသားပြီး အလုပ်ရှင် သို့မဟုတ် အလုပ်ရှင်ကိုယ်စားတာဝန်ရှိသူကလက်မှတ်ထိုး၍ အလုပ်သမားအားပေးရမည်။ |
၄။ | အလုပ်မှရပ်စဲခြင်း၊ ထုတ်ပယ်ခြင်းနှင့် သက်ဆိုင်သော ကိစ္စရပ်များအားလုံး (မှတ်တမ်းမှတ်ရာထားခြင်း၊ စာရွက်စာတမ်းများပြုလုပ်ခြင်း၊ ကုန်ကျစရိတ်ကျခံခြင်းတို့အပါအဝင်) အလုပ်ရှင်ကသာ တာဝန်ယူဆောင်ရွက်ရမည်။ |
အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ် အပိုဒ် (၁၃)(က) အရ သတ်မှတ်ချက်သော နောက်ဆက်တွဲ (က)၊ သာမန်ပြစ်မှု
စည်းကမ်းချက်များအား ကျူးလွန်လျှင် အောက်ပါအဆင့်များအတိုင်း တိတိကျကျလိုက်နာဆောင်ရွက်ရန်လိုသည်။
၁။ | ပထမအကြိမ်ကျူးလွန်ခြင်းအတွက် ပထမအကြိမ်စာဖြင့်သတိပေးခြင်းကို ဆောင်ရွက်ရမည်။ |
၂။ | ဒုတိယအကြိမ်ကျူးလွန်ခြင်းအတွက် ဒုတိယအကြိမ်စာဖြင့်သတိပေးခြင်းကို ဆောင်ရွက်ရမည်။ |
၃။ | တတိယအကြိမ်ကျူးလွန်ခြင်းအတွက် ဝန်ခံကတိလက်မှတ်ရေးထိုးစေခြင်းကို ဆောင်ရွက်ရမည်။ |
၄။ | စတုတ္ထအကြိမ်ကျူးလွန်ခြင်းအတွက် နစ်နာကြေးမပေးဘဲ အလုပ်မှရပ်စဲခြင်းကို ဆောင်ရွက်နိုင်သည်။ |
ထိုသို့ စာဖြင့်သတိပေးခြင်း၊ ဝန်ခံကတိလက်မှတ်ထိုးစေခြင်းနှင့် အလုပ်မှရပ်စဲခြင်း တို့သည် တစ်ကြိမ်နှင့်တစ်ကြိမ်အကြား ၁၂ လအတွင်း ကျူးလွန်သော ကျူးလွန်မှုများဖြစ်ရမည်။ တစ်ကြိမ်ကျူးလွန်ပြီးနောက် ၁၂ လကြာပြီးမှ နောက်တစ်ကြိမ်ကျူးလွန်ခြင်းဖြစ်လျှင် နောက်တစ်ကြိမ်ကျူးလွန်ခြင်းကို ပထမအကြိမ်အဖြစ်သတ်မှတ်၍ ယခင်ကျူးလွန်ခဲ့သော အကြိမ်အားလုံးကို ပယ်ဖျက်ပေးရမည်။ ဥပမာအားဖြင့် ၂၀၂၃ ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ပထမအကြိမ်ကျူးလွန်ပြီးနောက် ၂၀၂၅ ဇန်နဝါရီလ ၁ ရက်နေ့ကြမှ နောက်ထပ်ကျူးလွန်သော ကျူးလွန်မှုကို (၂၀၂၄ ခုနှစ် တစ်နှစ်စာ ၁၂ လ ခြားသွားပြီဖြစ်သဖြင့်) ဒုတိယအကြိမ်အဖြစ်မှတ်ယူ၍မရဘဲ ပထမအကြိမ်အဖြစ် သတ်မှတ်ပေးရမည်ဖြစ်သည်။ ထို့အတူ တတိယအကြိမ်ကျူးလွန်မှုပြီးနောက် အနည်းဆုံး ၁၂ လကာလခြားပြီးမှ ကျူးလွန်သော နောက်ထပ်ကျူးလွန်မှုကိုလည်း ပထမအကြိမ်အဖြစ်သတ်မှတ်၍ ယခင်ကျူးလွန်ခဲ့သော ပထမ၊ ဒုတိယနှင့် တတိယ သုံးကြိမ်စလုံးကို ပယ်ဖျက်ပေးရမည်ဖြစ်သည်။
အထက်ပါ လုပ်ငန်းစဥ်များဆောင်ရွက်ရာတွင် ပြုလုပ်သင့်သောအချက်များနှင့် မပြုလုပ်သင့်သောအချက်များကို အောက်ပါအတိုင်း ဆွေးနွေးအကြံပြုလိုသည်။ မိမိလုပ်ငန်းအတွေ့အကြုံအရ ဖြည့်စွက်ဆွေးနွေး အကြံပြုလိုသည်များ၊ ငြင်းခုန်လိုသည်များကို အောက်တွင် Comment ရေးသားခြင်းဖြင့် ပါဝင်နိုင်ပါသည်။
- အလုပ်ပျက်ရက်များခြင်း၊ တစ်လအတွင်း ၄ ရက်အလီလီ ပျက်ကွက်ခြင်းအတွက် သတိပေးစာပေးခြင်း မပြုလုပ်သင့်ပါ။ အလုပ်ပျက်ကွက်ခြင်းအတွက် နေ့တွက်ခအခကြေးငွေ အဖြတ်ခံရပြီး ဖြစ်ပါလျှက် ထပ်မံ၍ စာဖြင့်သတိပေးခြင်း သို့မဟုတ် ဝန်ခံကတိလက်မှတ်ရေးထိုးရခြင်းဖြစ်လျှင် Double Punishment ဖြစ်နေနိုင်သည်ကို သတိပြုရမည်။
- သတိပေးစာပေးခြင်း၊ ဝန်ခံကတိလက်မှတ်ထိုးခိုင်းခြင်းတို့ကို ပထမအကြိမ်စာဖြင့်သတိပေးခြင်း၊ ဒုတိယအကြိမ်စာဖြင့်သတိပေးခြင်း နှင့် တတိယအကြိမ်ဝန်ခံကတိရေးထိုးစေခြင်း ဟုခေါင်းစဥ်တိတိကျ တပ်သင့်သည်။
- သတိပေးစာနှင့် ဝန်ခံကတိလက်မှတ်ရေးထိုးခြင်းတို့တွင် ကျူးလွန်သော သာမန်ပြစ်မှုစည်းကမ်းချက်အမှတ် {နောက်ဆက်တွဲ (က) အမှတ်} ကို ရှင်းလင်းတိကျစွာ ဖော်ပြသင့်သည်။
- သတိပေးစာ၊ ဝန်ခံကတိလက်မှတ်ရေးထိုးခြင်းနှင့် အလုပ်ရပ်စဲခြင်းရုံးစာတို့တွင် ယခင်ကျူးလွန်ခဲ့ဖူးသောအကြိမ်များ၏ ရက်စွဲနှင့် အကြောင်းအရာအကျဥ်းချုပ်ကို ဖော်ပြသင့်သည်။
- သတိပေးစာနှင့် ဝန်ခံကတိလက်မှတ်ရေးထိုးခြင်းတို့တွင် မလိုလားအပ်သော အရေးအသားနှင့် မှတ်ချက်ရေးသားခြင်းများ ရှောင်ကြဥ်ရမည်။ ဥပမာ - "စည်းကမ်းဖောက်ဖျက်ခြင်းအတွက် ကျွမ်းကျင်အဆင့် Grade A မှ Grade B သို့ချ၍ ပထမအကြိမ်စာဖြင့် သတိပေးလိုက်သည်" ဟူသောအရေးအသားများ၊ "မှတ်ချက် - ဂရိတ်အေမှ ဘီ သို့ ချလိုက်သည်၊ အလုပ်သမားကလည်း သဘောတူညီသည်" ဟူသောမှတ်ချက်ရေးသားခြင်းများ ရှောင်ရမည်။
- ပထမအကြိမ်နှင့် ဒုတိယအကြိမ် စာဖြင့်သတိပေးခြင်းတို့အတွက် အလုပ်သမား၏ သတိပေးစာလက်ခံရရှိကြောင်း လက်မှတ်ရလျှင် ကောင်းသည်မှန်သော်လည်း အလုပ်သမားက အတင်းခုခံ ငြင်းကွယ်နေသော အခြေအနေတွင် သတိပေးစာလက်ခံရရှိကြောင်း လက်မှတ်မရသော်လည်း အခြားအထောက်အထားမှတ်တမ်းများပြုလုပ်ထားရှိရုံဖြင့် လုံလောက်သည်ဟုဆိုနိုင်သည်။ အလားတူစွာ ဝန်ခံကတိလက်မှတ်ရေးထိုးစေခြင်း ဟုဆိုသဖြင့် အလုပ်သမားကိုယ်တိုင် ရေးသားလက်မှတ်ထိုးရမည်ဖြစ်ရာတွင်လည်း အလုပ်သမားက အတင်းခုခံငြင်းကွယ်နေပါက အထောက်အထားမှတ်တမ်းများပြုလုပ်ထားလျှင် လုံလောက်သည်ဟုဆိုနိုင်သည်။
အထက်ပါ အချက်များသည် ဆွေးနွေးအကြံပြုချက်များသာဖြစ်သောကြောင့် မိမိလိုအပ်ချက်နှင့် သင့်တော်သလို ပြုပြင်ပြောင်းလဲ အသုံးပြုနိုင်ပါသည်။ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်ပုံစံနှင့် အမိန့်ကြော်ငြာစာတို့ကို ရယူလိုပါက Comment ရေးသားတောင်းဆိုနိုင်ပါသည်။
Comments
Post a Comment