အလုပ်ထွက်သွားသော အလုပ်သမားများ၏ လုပ်ခကျန်ငွေ ပေးချေခြင်း သို့မဟုတ် Resign လစာ ပေးချေခြင်း
အလုပ်ထွက်သွားသော အလုပ်သမားများ၏ လုပ်ခကျန်ငွေကို စက်ရုံတိုင်းနည်းပါး လကုန်ပြီးနောက် ၁၀ ရက် သို့မဟုတ် အခြားသတ်မှတ်ရက်တွင် ပေးကြသည်။ ၎င်းကို Resign လစာပေးခြင်း ဟုခေါ်သည်။ ထိုသို့ပေးချေခြင်းမှာ ဥပဒေနှင့် မညီပါ။ အဘယ်ကြောင့်ဆိုသော် ၂၀၁၆ ခုနှစ်၊ အခကြေးငွေပေးချေရေး ဥပဒေ၊ ပုဒ်မ ၄ တွင် -
... | ... |
(ဃ) | အလုပ်သမားအား အလုပ်ရပ်စဲသည့်အခါ ပေးထိုက်သည့် အခကြေးငွေကို အလုပ်မှ ရပ်စဲခြင်းခံရသည့်နေ့မှ အလုပ်ဖွင့်ရက် နှစ်ရက်အတွင်း ပေးချေရမည်။ |
(င) | အလုပ်သမားက အလုပ်ရှင်ထံ ကြိုတင်အကြောင်းကြားစာ ပေးပို့၍ မိမိဆန္ဒအရ အလုပ်မှနှုတ်ထွက်ပါက အခကြေးငွေပေးချေရန် ကာလအပိုင်းအခြား ကုန်ဆုံးသည့်နေ့တွင် ပေးချေရမည်။ |
(စ) | အလုပ်သမားသေးဆုံးသည့်အခါ ထိုအလုပ်သမားအား ပေးထိုက်သည့် အခကြေးငွေကို သေဆုံးပြီးနောက် အလုပ်ဖွင့်ရက် နှစ်ရက်အတွင်း သေဆုံးသူ၏ တရားဝင်အမွေဆက်ခံသူထံသို့ ပေးချေရမည်။ |
... | ... |
ဟု ပြဌာန်းထားသည်။ ထို့ကြောင့် အလုပ်ရပ်စဲခံရသောအလုပ်သမားနှင့် သေးဆုံးသည့်အလုပ်သမားအား အလုပ်ဖွင့်ရက် နှစ်ရက်အတွင်း လုပ်ခကျန်ငွေပေးရမည်။ ကြိုတင်အကြောင်းကြား၍ အလုပ်မှနှုတ်ထွက်သော အလုပ်သမားအား အခကြေးငွေပေးချေရန် ကာလအပိုင်းအခြား ကုန်ဆုံးသည့်နေ့တွင်ပေးရမည်။ အခကြေးငွေပေးချေရန် ကာလအပိုင်းအခြား ကုန်ဆုံးသည့်နေ့ ဆိုသည်မှာ သာမန်အားဖြင့် ထိုအလုပ်သမား နောက်ဆုံးအလုပ်ဆင်းသောနေ့ သို့မဟုတ် နောက်ဆုံးလုပ်ခရသောနေ့ ဖြစ်သည်။
လက်တွေ့တွင်မူ အလုပ်သမားအများစု အလုပ်ထွက်ကြသောပုံစံမှာ အလုပ်သို့မလာတော့ခြင်း ပင်ဖြစ်သည်။ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်
(Employment Contract - EC) ပါ စည်းကမ်းသတ်မှတ်ချက်များအရ တာဝန်ရှိသည့်အတိုင်း ကြိုတင်အကြောင်းကြားခြင်း၊ ဝန်ထမ်းကတ်၊ လစာကတ်နှင့် အပ်နှံထားသည့် ပစ္စည်းများ စနစ်တကျလွှဲပေးခြင်းများ ဆောင်ရွက်ခြင်းမပြုဘဲ မလာချင်သောနေ့မှစ၍ မလာကြတော့သောနည်းဖြင့် အလုပ်ထွက်ကြခြင်းဖြစ်သည်။
အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ် အပိုဒ် ၁၅(က) တွင် အလုပ်မှနှုတ်ထွက်ခြင်း
နှင့်စပ်လျဥ်း၍ အောက်ပါအတိုင်း စည်းကမ်းသတ်မှတ်ထားသည်။
၁၅။ | အလုပ်မှနှုတ်ထွက်ခြင်းနှင့် အလုပ်မှရပ်စဲခြင်း | ||
(က) | အလုပ်မှနှုတ်ထွက်ခြင်း | ||
(၁) | အတည်ပြုခန့်ထားသော အလုပ်သမားသည် အလုပ်တာဝန်မှ နှုတ်ထွက်လိုပါက အကြောင်းကြားစာကို သက်ဆိုင်ရာ လုပ်ငန်းခွဲတာဝန်ခံမှတဆင့် အလုပ်ရှင် သို့မဟုတ် မန်နေဂျာ သို့မဟုတ် စီမံအုပ်ချုပ်သူထံသို့ အနည်းဆုံး တစ်လကြိုတင်၍ အကြောင်းကြားရမည်။ | ||
(၂) | အလုပ်မှ တရားဝင်နှုတ်ထွက်ခွင့်ပြုရာတွင် အလုပ်သမားသည် မိမိအားထုတ်ပေးထားသည့် လစာကတ်၊ ဝန်ထမ်းကတ်၊ လုပ်ငန်းသုံးပစ္စည်းနှင့် ကိရိယာများကို ပြန်လည်ပေးအပ်ရမည့်အပြင် မိမိတာဝန်ယူထားသည့် စာရင်းများ၊ ငွေကြေးများ၊ ပစ္စည်းများကို အလုပ်ရှင်ထံသို့ စနစ်တကျ လွှဲပြောင်းပေးအပ်ရမည်။ | ||
(၃) | အလုပ်သမားသည် အလုပ်မှနှုတ်ထွက်လိုပါက တစ်လကြိုတင်၍ အကြောင်းကြားရမည်ဖြစ်ပြီး အလုပ်ရှင်မှ အလုပ်ရပ်စဲနစ်နာကြေးပေးရန် မလိုဘဲ ရရန်ရှိသည့် အမှန်တကယ်အလုပ်လုပ်ခဲ့သည့်ရက်များအတွက် လုပ်ခကျန်ငွေနှင့် လုပ်သက်ခွင့်ကို ခံစားခွင့်ပေးပြီး နှုတ်ထွက်ခွင့်ပြုရမည်။ | ||
... | ... |
ထို့ကြောင့် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ် ချုပ်ဆိုထားသော အလုပ်သမားသည် အလုပ်မှနှုတ်ထွက်လိုပါက တစ်လကြိုတင်အကြောင်းရန် တာဝန်ရှိသည်။ ထိုအချက်အပေါ်အခြေခံ၍ ကြိုတင်အကြောင်းမကြားဘဲ အလုပ်ထွက်သွားသော အလုပ်သမား၏လုပ်ခကျန်ငွေကို နောက်လ ၁၀ ရက် သို့မဟုတ် အခြားသတ်မှတ်ရက်တွင်မှ ထုတ်ပေးခြင်းကို စည်းကမ်းထိန်းသိမ်းရေး ရှုထောင့်မှ ထောက်ခံပြောဆိုလေ့ရှိကြသည်။ သို့သော် တစ်လကြိုတင်အကြောင်းကြား၍ အလုပ်မှနှုတ်ထွက်သော အလုပ်သမား၏ လုပ်ခကျန်ငွေကို ထိုသို့ပေးချေခြင်းမှာ ဥပဒေနှင့်လုံးဝမညီပါ။
ပို၍ဆိုးသည်မှာ ကြိုတင်အကြောင်းမကြားဘဲ အလုပ်မှနှုတ်ထွက်သွားသော အလုပ်သမား၏လုပ်ခကျန်ငွေကို နောက်လ ၁၀ ရက်နေ့ သို့မဟုတ် အခြားသတ်မှတ်ရက်တွင်မှ ပေးချေသည့်အပြင် အလုပ်သမားက ထိုရက်တွင်လာရောက်ထုတ်ယူနိုင်ခြင်းမရှိပါက နောက်တစ်လထပ်စောင့်၍ နောက်ထပ်လာမည့်လ ၁၀ ရက်နေ့ သို့မဟုတ် အခြားသတ်မှတ်ရက်တွင်မှ လာရောက်ထုတ်ရခြင်းဖြစ်ပါသည်။ ဥပဒေနှင့် လုံးဝမညီပါ။ တရားမျှတမှုလည်းမရှိပါ။ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်အရ ကြိုတင်အကြောင်းကြားရန် တာဝန်ရှိသည်ကို အကြောင်းမကြားဘဲ အလုပ်ထွက်သွားသည့်တိုင် အလုပ်သမားရရန်ရှိသော လုပ်ခကျန်ငွေကို ပေးရမည်သာဖြစ်ပါသည်။ ကြိုတင်အကြောင်းမကြားခြင်းအတွက် နောက်လ ၁၀ ရက် သို့မဟုတ် အခြားသတ်မှတ်ရက်တွင်မှ လာရောက်ထုတ်ယူစေခြင်းဖြင့် စည်းကမ်းထိန်းသိမ်းပြီးလျှင် လုံလောက်သင့်ပြီဖြစ်သည်။ လတစ်လ၏ Resign လစာထုတ်ရက်ကို မမီလိုက်ပါက နောက်တစ်လ၏ Resign လစာထုတ်ရက်အထိ ထပ်မံစောင့်ခိုင်းခြင်းကို လုံးဝမလုပ်သင့်ပါ။ လိုက်နာကျင့်သုံးစေလိုသော အကြံပြုချက်များမှာ -
- တစ်စုံတစ်ရာ အကြောင်းကြားခြင်းမရှိဘဲ သို့မဟုတ် ခွင့်တိုင်ကြားခြင်းမရှိဘဲ လုပ်ငန်းခွင်သို့ ဝင်ရောက်ခြင်းမရှိသော အလုပ်သမားသည် -
- ဆက်တိုက် ပျက်ကွက် ၃ ရက်မပြည့်ခင် လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်လာပါက ၎င်းအား မိမိဝန်ထမ်းအဖြစ် ဆက်လက်မှတ်ယူရမည်။
- ဆက်တိုက် ပျက်ကွက် ၃ ရက်ပြည့်ပြီးနောက် လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်လာပါက ၎င်းအား အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ် နောက်ဆက်တွဲ (ခ) ပါ စည်းကမ်းချက်အရ အလုပ်မှရပ်စဲလျှင် ၎င်းရရန်ရှိသော အခကြေးငွေကို အလုပ်ရပ်စဲသည့်နေ့မှ အလုပ်ဖွင့်ရက် နှစ်ရက်အတွင်းပေးရမည်။ ထိုသို့မပေးလျှင် ၎င်းအား အလုပ်ပြန်လည်ခန့်ထားပေးရမည်။
- ဆက်တိုက် ပျက်ကွက် ၃ ရက်ပြည့်ပြီးနောက် လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်လာခြင်းမရှိပါက ၎င်းရရန်ရှိသော အခကြေးငွေအားလုံးကို မိမိစက်ရုံ၏ စည်းကမ်းအတိုင်း နောက်လာမည့်လ ၁၀ ရက် သို့မဟုတ် အခြားသတ်မှတ်ရက်မှစ၍ နောက်ပိုင်းရက်များတွင်လည်း ထုတ်ပေးရမည်။
- အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်ပါ စည်းကမ်းချက်အရ ကြိုတင်အကြောင်းကြားစာပေးပို့၍ အလုပ်မှနှုတ်ထွက်သော အလုပ်သမားအား ၎င်းရရန်ရှိသော အခကြေးငွေကို အခကြေးငွေပေးချေရန် ကာလအပိုင်းအခြားကုန်ဆုံးသည့်နေ့တွင် ပေးချေရမည်။
- အလုပ်ရပ်စဲခံရသော အလုပ်သမားအား ၎င်းရရန်ရှိသော အခကြေးငွေကို အလုပ်ရပ်စဲခံရသည့်နေ့မှ အလုပ်ဖွင့်ရက် နှစ်ရက်အတွင်း ပေးချေရမည်။
- သေဆုံးသောအလုပ်သမား ရရန်ရှိသော အခကြေးငွေကို ၎င်း၏ တရားဝင်အမွေဆက်ခံသူထံသို့ သေဆုံးပြီးနောက် အလုပ်ဖွင့်ရက် နှစ်ရက်အတွင်း ပေးချေရမည်။
Comments
Post a Comment