အလုပ်တွင်ထိခိုက်မှုနှင့် လူမှုဖူလုံရေး

စက်ရုံလုပ်ငန်းများသည် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ပြဌာန်းချက်များ၊ ညွှန်ကြားချက်များနှင့် လိုအပ်ချက်များအားလုံး လိုက်နာဆောင်ရွက်ထားရန် အလွန်အရေးကြီးပါသည်။ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေ၊ ပုဒ်မ ၅၃(ခ) တွင် -

(ခ)  အလုပ်ရှင်၏ ပြစ်မှုပြစ်ဒဏ်ထိုက်သင့်သော ပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှုကြောင့်ဖြစ်စေ၊ အလုပ်ရှင်က လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံများနှင့် အကာအကွယ်များ ပြုလုပ်မထားခြင်းကြောင့်ဖြစ်စေ ဖြစ်ပေါ်လာသော အလုပ်တွင်ထိခိုက်မှုအတွက် ဆေးကုသမှုကုန်ကျစရိတ်များနှင့် ဤဥပဒေအရ ခံစားခွင့်ရှိသည့် အခြားအကျိုးခံစားခွင့်များကို အလုပ်ရှင်က သတ်မှတ်ချက်များနှင့်အညီ ကျခံရမည်ဖြစ်ပြီး ပျက်ကွက်ခြင်း မရှိစေရ။

ဟု ပြဌာန်းထားပါသည်။ ဆိုလိုသည်မှာ အလုပ်ရှင်၏လိုအပ်ချက်ကြောင့် အလုပ်တွင်ထိခိုက်မှုဖြစ်လျှင် အလုပ်ရှင်က တာဝန်ယူရမည်ဟူ၍ ဖြစ်သည်။ ထို့ကြောင့် အလုပ်တွင်ထိခိုက်မှု အကြောင်း သိထားရန် လိုအပ်သည်။ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ် အပိုဒ် ၁၁ တွင်လည်း -

၁၁။  ဆေးဝါးကုသခြင်း
(က)  ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့် အကျုံးမဝင်သော အလုပ်သမားများအား အောက်ပါတို့အတွက် အလုပ်ရှင်၏ ကုန်ကျစရိတ်ဖြင့် ဆေးဝါးကုသရန် စီစဥ်ပေးရမည်။
(၁)  လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရရှိမှု
(၂)  လုပ်ငန်းခွင်ဆိုင်ရာ ရောဂါရရှိမှု
(၃)  လုပ်ငန်းခွင်အတွင်း ဖျားနာမှု
(ခ)  ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့် အကျုံးဝင်သော အလုပ်သမားများအတွက် သက်ဆိုင်ရာ ဥပဒေနှင့်အညီ ဆေးဝါးကုသခွင့် ရှိသည်။
(ဂ)  ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့် အကျုံးမဝင်သော အလုပ်သမားများအတွက် အလုပ်ကိုအကြောင်းပြု၍ ထိခိုက်ဒဏ်ရာရမှုများအတွက် သက်ဆိုင်ရာအလုပ်သမားလျော်ကြေးဥပဒေနှင့်အညီ ဆောင်ရွက်ပေးရမည်။

ဟုပါရှိသည်။ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေ၊ ပုဒ်မ ၄၇ အရ လူမှုဖူလုံရေးအဖွဲ့သည် အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့် အာမခံစနစ်ကို သတ်မှတ်ချက်များနှင့်အညီ အောက်ပါအတိုင်း စီစဥ်ထားရှိရသည်။

(က)  ဆေးကုသမှုခံယူခွင့်
(ခ)  ယာယီမသန်စွမ်းမှု အကျိုးခံစားခွင့်
(ဂ)  အမြဲတမ်း မသန်စွမ်းမှု အကျိုးခံစားခွင့်
(ဃ)  အလုပ်ကို အကြောင်းပြု၍ သေးဆုံးမှုကြောင့် ကျန်ရစ်သူ အကျိုးခံစားခွင့်

ဤဘလော့ဂ်ပို့စ် စာမျက်နှာတွင် အလုပ်တွင်ထိခိုက်မှုကြောင့်ဖြစ်သော ယာယီမသန်စွမ်းမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်များနှင့် အမြဲတမ်း မသန်စွမ်းမှုနှင့် ဆိုင်သည့် အကျိုးခံစားခွင့်များ အကြောင်း စုစည်းတင်ပြပေးမည်ဖြစ်ပါသည်။

ယာယီမသန်စွမ်းမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်

ယာယီမသန်စွမ်းမှုနှင့် ပတ်သက်၍ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေ ပုဒ်မ ၅၅ နှင့် ၅၆ တို့တွင်လည်းကောင်း၊ လူမှုဖူလုံရေးနည်းဥပဒေများ အခန်း (၁၁) တို့တွင်လည်းကောင်း ကြည့်ရမည်။ အလုပ်တွင်ထိခိုက်မှုကြောင့် အလုပ်မလုပ်နိုင်၍ ဝင်ငွေလျော့နည်းခြင်း သို့မဟုတ် ဝင်ငွေရပ်စဲခြင်းဖြစ်လျှင် အခမဲ့ ဆေးကုသမှု ခံယူခွင့်ရှိသည့်အပြင် အလုပ်တွင်ထိခိုက်မှုမဖြစ်မီ လေးလအတွင်း ပျမ်းမျှလုပ်ခ၏ ၇၀ ရာခိုင်နှုန်းကို အလုပ်စတင်မလုပ်နိုင်သည့်နေ့မှ အများဆုံး ၁၂ လအထိ ခံစားခွင့်ရှိပါသည်။

ယာယီ မသန်စွမ်းမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်သည် ၁၂ လအတွင်း အာမခံထားသူ ပြန်လည်အလုပ်လုပ်နိုင်သည့် နေ့ရက်မှစ၍ ရပ်စဲရမည် ဖြစ်ပါသည်။ သို့သော် ၁၂ လကုန်ဆုံးသော်လည်း ဆက်လက်၍ အလုပ်မလုပ်နိုင်လျှင် အမြဲတမ်းမသန်စွမ်းမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်ကို ပြောင်းလဲခံစားခွင့်ရှိပါသည်။ ထို့အပြင် ၁၂ လအတွင်းမှာပင် ဆေးသက်သေခံလက်မှတ်အရ အမြဲတမ်း မသန်စွမ်းမှု ဖြစ်မည်ဟု ကြိုတင်မှန်းဆ၍ရပါကလည်း ပြောင်းလဲခံစားခွင့် ရှိမည်ဖြစ်ပါသည်။

အမြဲတမ်း မသန်စွမ်းမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်

ယာယီမသန်စွမ်းမှုနှင့် ပတ်သက်၍ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေ ပုဒ်မ ၅၇၊ ၅၈ နှင့် ၅၉ တို့တွင်လည်းကောင်း၊ လူမှုဖူလုံရေးနည်းဥပဒေများ အခန်း (၁၁) တို့တွင်လည်းကောင်း ကြည့်ရမည်။ အလုပ်တွင်ထိခိုင်မှုကြောင့် အလုပ်လုပ်နိုင်စွမ်းဆုံးရှုံးမှုမှာ အမြဲတမ်း ဖြစ်နိုင်ဖွယ်ရာအကြောင်းရှိလျှင် အမြဲတမ်း မသန်စွမ်းမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်ကို ရရှိမည်ဖြစ်သည်။ အလုပ်လုပ်နိုင်စွမ်းဆုံးရှုံးမှုကို လုပ်အားဆုံးရှုံးမှုဟုခေါ်ပြီး အတိုင်းအတာကို ရာခိုင်နှုန်းဖြင့် သတ်မှတ်သည်။ အလုပ်တွင်ထိခိုက်မှုမဖြစ်မီ လေးလအတွင်း ပျမ်းမျှလုပ်ခ တစ်လစာ၏ ၇၀ ရာခိုင်နှုန်းကို တစ်လစာ ခံစားခွင့်အဖြစ်သတ်မှတ်ပြီး ဆေးဘက်ဆိုင်ရာအဖွဲ့က ဆုံးဖြတ်ပေးသော အမြဲတမ်းလုပ်အားဆုံးရှုံးမှု ရာခိုင်နှုန်း အပေါ် အခြေပြု၍ အောက်ပါအတိုင်း ခံစားခွင့်ရှိသည်။

(က)  လုပ်အားဆုံးရှုံးမှု ၂၀ ရာခိုင်နှုန်းနှင့်အောက်ဖြစ်ပါက ၅ နှစ်စာ ခံစားခွင့်ငွေကြေးကို တစ်လုံးတစ်ခံတည်း
(ခ)  လုပ်အားဆုံးရှုံးမှု ၂၀ ရာခိုင်နှုန်းအထက်မှ ၇၅ ရာခိုင်နှုန်းအထိဖြစ်ပါက ၇ နှစ်စာ ခံစားခွင့်ငွေကြေးကို ထိုသူ၏ ဆန္ဒအရ အရစ်ကျဖြစ်စေ၊ တစ်လုံးတစ်ခဲတည်းဖြစ်စေ
(ဂ)  လုပ်အားဆုံးရှုံးမှု ၇၅ ရာခိုင်နှုန်းအထက် ဖြစ်ပါက ၉ နှစ်စာ ခံစားခွင့်ငွေကြေးကို ထိုသူ၏ ဆန္ဒအရ အရစ်ကျဖြစ်စေ၊ တစ်လုံးတစ်ခဲတည်း သို့မဟုတ် လစဥ် အသက်ထက်ဆုံးအထိဖြစ်စေ

ဆောင်ရွက်ရမည့်လုပ်ငန်းစဥ်များ

အလုပ်တွင်ထိခိုက်မှုနှင့်စပ်လျဥ်းသော ဆောင်ရွက်ရမည့်လုပ်ငန်းစဥ်များကို လူမှုဖူလုံရေးနည်းဥပဒေများ အခန်း (၁၁)၊ နည်းဥပဒေ ၁၇၄ နှင့် ၁၇၅ တို့တွင် ပြဌာန်းထားသည်။ ယင်းအခန်းတွင် -

  • အလုပ်တွင်ထိခိုက်မှု မှတ်တမ်းစာအုပ်ကို လူမှုဖူလုံရေးအဖွဲ့က သတ်မှတ်ထားသည့် ပုံစံ (၃၆) ဖြင့် ထားရှိရခြင်း
  • အလုပ်တွင်ထိခိုက်မှုအကြောင်းအရာအားလုံးကို ယင်းမှတ်တမ်းစာအုပ်တွင် ရေးသွင်းပြီး တာဝန်ရှိသူက လက်မှတ်ထိုး၍ ငါးနှစ်တာကာလအထိ ထိန်းသိမ်းထားရခြင်း
  • အလုပ်တွင်ထိခိုက်မှုဖြစ်လျှင် သက်ဆိုင်ရာ မြို့နယ်လူမှုဖူလုံရေးရုံးသို့ စောလျင်စွာ အကြောင်းကြားရမည့်အပြင် ၂၄ နာရီအတွင်း ပုံစံ (၃၇) ဖြင့် သက်ဆိုင်ရာမြို့နယ် လူမှုဖူလုံရေးရုံးသို့ ထပ်မံ အကြောင်းကြားရခြင်း
  • မြို့နယ်လူမှုဖူလုံရေးရုံးမှ တာဝန်ခံအရာရှိက ကိုယ်တိုင်ဖြစ်စေ၊ စစ်ဆေးရေးအရာရှိကို တာဝန်ပေးအပ်၍ဖြစ်စေ သက်ဆိုင်ရာအလုပ်ဌာနသို့ သွားရောက်၍
    • အလုပ်တွင်ထိခိုက်မှု ဟုတ်မဟုတ် စုံစမ်းစစ်ဆေးပြီး သတ်မှတ်ထားသော ပုံစံ (၃၈) ဖြင့် မှတ်တမ်းတင် အတည်ပြုရခြင်း
    • အလုပ်ရှင်က လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံများနှင့် အကာအကွယ်များ ပြုလုပ်မထားခြင်းကြောင့် ထိခိုက်ဒဏ်ရာရခြင်း ဖြစ်ကြောင်း ဟုတ်မဟုတ်ကို အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန၏ စစ်ဆေးအတည်ပြုချက် ရယူနိုင်ခြင်း
    • အလုပ်ရှင်က လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံများနှင့် အကာအကွယ်များပြုလုပ်မထားခြင်းကြောင့် အလုပ်နှင့်ဆိုင်သော ရောဂါရမှုဖြစ်သည်ဟု ယူဆပါက ကျွမ်းကျင်ဆေးပညာရှင်များ၏ အတည်ပြုချက် ရယူရခြင်း

တို့ကို ပြဌာန်းထားပါသည်။

လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး

ဆက်လက်၍ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး ခေါင်းစဥ်ဖြင့် နည်းဥပဒေ ၁၇၆၊ အပိုဒ် (က) နှင့် (ခ) တို့တွင် အလုပ်ရှင်သည် မိမိအလုပ်ဌာနများ၌ အလုပ်သမားများ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် -

  • အလုပ်ရုံဆွေးနွေးပွဲနှင့် ပညာပေးလုပ်ငန်းများ ပြုလုပ်ပေးခြင်း
  • အန္တရာယ်ရှိသော စက်ကိရိယာ အစိတ်အပိုင်းများအား လုံခြုံစွာ ကာရံခြင်း
  • ကုန်ထုတ်လုပ်မှုလုပ်ငန်းအမျိုးအစားအလိုက် အလုပ်သမားများ အသုံးပြုရမည့် အကာအကွယ်ပစ္စည်းများနှင့် ဝတ်စုံများကို စနစ်တကျအသုံးပြုစေခြင်း
  • အလုပ်သမား အကြိုအပို့ယာဥ်များတွင် သတ်မှတ်ဦးရေထက် ကျော်လွန်စီးနင်းခြင်း မရှိစေရန် ယာဥ်များ လုံလောက်စွာ စီစဥ်ပေးခြင်းနှင့် ကြံ့ခိုင်ကောင်းမွန်သော ယာဥ်များကိုသာ အသုံးပြုစေခြင်း
  • နိုင်ငံတော်က ထုတ်ပြန်ထားသော လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ပြဌာန်းချက်များကို လိုက်နာခြင်း

တို့ ဆောက်ရွက်ရမည်ဟု ပြဌာန်းထားပြီး ထိုသို့ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံနှင့် အကာအကွယ်များ ပြုလုပ်မထားခြင်းကြောင့် အလုပ်တွင် ထိခိုက်မှုနှင့် အလုပ်နှင့်ဆိုင်သော ရောဂါရမှုများ ဖြစ်ပေါ်ပါက လူမှုဖူလုံရေး အာမခံထားသူ ခံစားခွင့်ရှိသော ငွေကြေးနှင့် အခြားအကျိုးခံစားများကို တွက်ချက်၍ အလုပ်ရှင်က အောက်ပါအတိုင်း တစ်လုံးတည်း ကျခံရမည် ဖြစ်ပါသည်။

(၁)  ဥပဒေနှင့်အညီ စစ်ဆေးညွှန်ကြားမှုများ မပြုလုပ်ရသေးမီ ဖြစ်ပေါ်လျှင် အာမခံထားသူ ခံစားခွင့်ရှိသည့် အကျိုးခံစားခွင့်များ၏ ၅၀ ရာခိုင်နှုန်း။
(၂)  စစ်ဆေးတွေ့ရှိချက်များအရ ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရန်ကိစ္စများကို ညွှန်ကြားပြီးဖြစ်သော်လည်း လိုက်နာမှုမရှိခြင်းကြောင့် ဖြစ်ပေါ်လျှင် အာမခံထားသူ ခံစားခွင့်ရှိသည့် အကျိုးခံစားခွင့်များ၏ ၁၀၀ ရာခိုင်နှုန်း။

နိဂုံးချုပ်

အချုပ်အားဖြင့်ဆိုရလျှင် စက်ရုံ အလုပ်ရုံများအနေဖြင့် အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့် အာမခံစနစ်အတွက် မှတ်ပုံတင်ပြီး သတ်မှတ်ထားသော ထည့်ဝင်ကြေးငွေများ ပေးသွင်းထားကြရန် လိုအပ်သည့်အပြင် ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံနှင့် အကာအကွယ်များ ပြုလုပ်ဆောင်ရွက်ထားရန် အရေးကြီးပါသည်။ ထို့အပြင် လူမှုဖူလုံရေးနည်းဥပဒေ ၁၈၀၊ အပိုဒ် (ခ) အရ အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့်ကို မှတ်ပုံတင်ပြီးပါက ထည့်ဝင်ကြေးကာလ အပိုင်းအခြား သတ်မှတ်ချက်မရှိဘဲ ခံစားခွင့်ရှိခြင်းကြောင့် အလုပ်သမားသစ်များအား လူမှုဖူလုံရေးအဖွဲ့ နေပြည်တော်၏ ညွှန်ကြားချက်အမှတ် (၅/၂၀၁၄) အရ ၁၀ ရက်အတွင်း သို့မဟုတ် ထို့ထက် စောနိုင်သမျှ စောလျင်စွာ လူမှုဖူလုံရေး မှတ်ပုံတင်ဆောင်ရွက်ပေးရန် လိုအပ်ပါသည်။


ဖိုင်များရယူရန်

Comments

Popular posts from this blog

ဒီပါဝလီနေ့ ပိတ်ရက်ကြေညာခြင်း

အလုပ်ထွက်သွားသော အလုပ်သမားများ၏ လုပ်ခကျန်ငွေ ပေးချေခြင်း သို့မဟုတ် Resign လစာ ပေးချေခြင်း

စက်ရုံ၊ အလုပ်ရုံများတွင်လိုက်နာရမည့် အိမ်သာနှင့်ပတ်သက်သော ပြဌာန်းချက်များ