သက်ဆိုင်ရာ ဦးစီးဌာနရုံးများသို့ အကြောင်းကြားရခြင်းများ
အလုပ်သမားဥပဒေများပါ ပြဌာန်းချက်များအရ သက်ဆိုင်ရာ ဦးစီးဌာနရုံးများသို့ အကြောင်းကြားရသော ကိစ္စများကို စုစည်းတင်ပြထားပါသည်။
လုပ်ငန်းပိုင်ရှင်ကပေးရန်နို့တစ်စာ
၁၉၅၁ ခုနှစ်၊ အလုပ်ရုံများ အက်ဥပဒေ၊ ပုဒ်မ ၈ တွင် လုပ်ငန်းပိုင်ရှင်က အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ထံ နို့တစ်စာ (အကြောင်းကြားစာ) ပေးပို့ရမည့် အကြောင်းအရာများကို ပြဌာန်းထားပါသည်။ ထိုသို့ နို့တစ်စာပေးပို့ အကြောင်းကြားရမည့် ကိစ္စများမှာ အောက်ပါတို့ဖြစ်ကြပါသည်။
- အလုပ်ရုံအဖြစ် မည်သည့်အဆောက်အဦး၌မဆို စတင်၍ လုပ်ငန်းလုပ်ခြင်း သို့တည်းမဟုတ် အဆောက်အဦးကိုအသုံးပြုခြင်း မပြုမီ အနည်းဆုံး ၁၅ ရက် ကြိုတင်၍ အကြောင်းကြားရခြင်း။
- တစ်နှစ်လျှင် အလုပ်လုပ်သည့်ရက်ပေါင်း ၁၈၀ အောက်လျော့၍ သာမန်အားဖြင့်လုပ်သော ပြုုလုပ်မှုလုပ်ငန်းစဥ်ကို အသုံးပြုသောအလုပ်ရုံတွင် အလုပ်ပြန်လည်မလုပ်မီ ရက်ပေါင်း ၃၀ အတွင်း အကြောင်းကြားရခြင်း။
- မန်နေဂျာသစ်ခန့်ထားသည့်အခါတိုင်း ၎င်းမန်နေဂျာအသစ် အလုပ်တာဝန်စတင်ဆောင်ရွက်သည့်နေ့မှ ၇ ရက်အတွင်း အကြောင်းကြားရခြင်း။
- ဥပဒေအရ ပိတ်ရသည့်အခါမှတပါး အလုပ်ရုံတစ်ခုကို ခေတ္တ သို့တည်းမဟုတ် အချိန်အကန့်အသတ်မရှိဘဲ ပိတ်ထားရန်လိုအပ်သည့်အခါတွင် -
- အလုပ်ရုံကို မပိတ်မီ အနည်းဆုံး ၁ လကြိုတင်၍
- အကြောင်းတစ်ခုခုကြောင့် ၁ လကြိုတင်အကြောင်းမကြားနိုင်ပါက အလုပ်ရုံကိုမပိတ်မီ ဆောလျင်နိုင်သမျှ ဆောလျင်စွာ
- မမျှော်လင့်ဘဲ ရုတ်တက်ရက်အခြေဖြစ်ပေါ်လာသော အကြောင်းကြောင့်ဖြစ်စေ၊ စက်ကိရိယာများ ချို့ယွင်းပျက်စီးခြင်းကြောင့်ဖြစ်စေ၊ အလုပ်ရုံကိုပိတ်ရလျှင် ယင်းသို့ပိတ်ရသည့်အချိန်မှ ၄၈ နာရီအတွင်း
- ဥပဒေအရ ပိတ်ရသည့်အခါမှတပါး အလုပ်ရုံတစ်ခုကို ခေတ္တ သို့တည်းမဟုတ် အချိန်အကန့်အသတ်မရှိ ပိတ်ထားရပြီးနောက် လုပ်ငန်းပိုင်ရှင်သည် အလုပ်ကို ပြန်လည်မလုပ်မီ ၁၅ ရက်အတွင်း အကြောင်းကြားရခြင်း။
အလုပ်လုပ်ရန် ကာလအပိုင်းအခြားများဆိုင်ရာ နို့တစ်စာ
၁၉၅၁ ခုနှစ်၊ အလုပ်ရုံများ အက်ဥပဒေ၊ ပုဒ်မ ၆၇ နှင့် ၈၀ တို့တွင် လူကြီးများ အလုပ်လုပ်ရန်နှင့် ကလေးများ အလုပ်လုပ်ရန် ကာလအပိုင်းအခြားများ နို့တစ်စာ သို့မဟုတ် နို့တစ်စာများနှင့် စပ်လျဥ်း၍ အောက်တို့အတိုင်း ပြဌာန်းထားပါသည်။
- နေ့စဥ် မည်သည့်ကာလအပိုင်းအခြားတွင် အလုပ်လုပ်စေမည့်အကြောင်း နေ့တိုင်းအတွက် ရှင်းလင်းစွာဖော်ပြလျက် မြင်သာအောင်ကပ်ထားရမည်။[i]
- နို့တစ်စာမိတ္တူနှစ်စောင်ကို အလုပ်စတင်လုပ်သည့်နေ့မတိုင်မီ စစ်ဆေးရေးအရာရှိထံ ပေးပို့ရမည်။[i]
- ၎င်းနို့တစ်စာတွင် ပြောင်းလဲရန်လိုအပ်စေမည့် အလုပ်လုပ်သော နည်းစနစ်ပြောင်းလဲရန်စီမံသည့်အကြောင်း နို့တစ်စာ၏ မိတ္တူနှစ်စောင်ကိုလည်း ပြောင်းလဲခြင်းမပြုမီ စစ်ဆေးရေးအရာရှိထံ ပေးပို့ရမည်။[i]
- ထို့အပြင် ယင်းသို့ ပြောင်းလဲခြင်းကို စစ်ဆေးရေးအရာရှိ၏ အခွင့်အမိန့်ကို ကြိုတင်မရဘဲ၊ နောက်ဆုံးပြောင်းလဲခြင်းပြုခဲ့သည့်နေ့မှ ရက်သတ္တတစ်ပတ် မကျော်လွန်မီမပြုရ။[i]
အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ် မိတ္တူ
အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ၊ ပုဒ်မ ၅(ဆ) တွင် "အလုပ်ရှင်နှင့် အလုပ်သမားချုပ်ဆိုပြီးသော အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ် မိတ္တူကို သက်ဆိုင်ရာ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးသို့ သတ်မှတ်ကာလအတွင်း အလုပ်ရှင်က ပေးပို့ပြီး အတည်ပြုချက်ရယူရမည်" ဟုပြဌာန်းထားပါသည်။
ခွင့်ခံစားမှုမှတ်တမ်းများ ပေးပို့ရခြင်း
ခွင့်ရက်နှင့် အလုပ်ပိတ်ရက် နည်းဥပဒေ ၅၀(ဈ) တွင် "ဥပဒေနှင့်အညီ ရထိုက်ခွင့်ရှိသော အလုပ်သမားများ၏ ခွင့်ခံစားမှုမှတ်တမ်းများကို ပုံစံ (၇) ဖြင့် လစဥ်လဆန်း ခုနှစ်ရက်ထက်နောက်မကျဘဲ စစ်ဆေးရေးအရာရှိထံ ပေးပို့ရမည်" ဟု ပြဌာန်းထားပါသည်။
WCC အဖွဲ့ဝင် အမည်စာရင်း ပေးပို့ရခြင်း
အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး နည်းဥပဒေ ၆ အရ အလုပ်ရှင်သည် အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) ကို ဖွဲ့စည်းပြီး ပုံစံ (၁) ဖြင့် ညှိနှိုင်းရေးကော်မတီဝင်များ၏ အမည်စာရင်းကို ပြုစု၍ ၁၄ ရက်အတွင်း သက်ဆိုင်ရာ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့သို့ ပေးပို့ရမည် ဖြစ်ပါသည်။
လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာအရ အကြောင်းကြားရခြင်း
လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာဥပဒေ၊ ပုဒ်မ ၉ နှင့် ၁၀ တို့အရ -
- အလုပ်ရုံ သို့မဟုတ် အဆောက်အအုံဆောက်လုပ်ခြင်း၊ တိုးချဲ့ခြင်း၊ ဖြိုဖျက်ခြင်း
- လုပ်ငန်းစဥ်အလိုက် စက်ကိရိယာများ နေရာချထားခြင်း၊ တပ်ဆင်ခြင်း၊ တိုးချဲ့ခြင်း သို့မဟုတ် ပြောင်းလဲအသုံးပြုခြင်း
- လုပ်ငန်းပြီးဆုံးခြင်း၊ ပိတ်သိမ်းခြင်း၊ လုပ်ငန်းနေရာ ပြောင်းရွှေ့လုပ်ကိုင်ခြင်း၊ လုပ်ငန်းအမျိုးအစား ပြောင်းလဲလုပ်ကိုင်ခြင်း သို့မဟုတ် အလုပ်ရှင်ပြောင်းလဲခြင်း
ဦးစီးဌာန[i] သို့ အကြောင်းကြားရမည် ဖြစ်ပါသည်။
ဆက်လက်စုစည်းဖော်ပြပေးပါမည်။
Comments
Post a Comment