အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းခြင်း

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေ၊ အခန်း (၂)

၃။ အလုပ်သမား ၃၀ ဦးနှင့်အထက် အလုပ်လုပ်ကိုင်နေသော လုပ်ငန်းတစ်ခုခုတွင် စုပေါင်းသဘောတူညီချက်ကို ဆွေးနွေးရရှိနိုင်ရန် အလုပ်ရှင်သည် -

(က)  အလုပ်သမားအဖွဲ့အစည်းရှိလျှင် စုပေါင်းတောင်းဆိုဆွေးနွေးညှိနှိုင်းမှု ပြုလုပ်နိုင်ရေးအတွက် အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီကို သတ်မှတ်ချက်နှင့်အညီ သတ်မှတ်ကာလအတွင်း အောက်ပါအတိုင်း ဖွဲ့စည်းရမည်။[i]
(၁)  အလုပ်သမားအဖွဲ့အစည်းတစ်ခုချင်းက အဆိုပြုသည့် အလုပ်သမားကိုယ်စားလှယ် သုံးဦးစီ[i]
(၂)  အလုပ်သမားကိုယ်စားလှယ်ဦးရေနှင့် အရေအတွက်တူညီသည့် အလုပ်ရှင် ကိုယ်စားလှယ်များ
(ခ)  အလုပ်သမားအဖွဲ့အစည်းမရှိလျှင် စုပေါင်းတောင်းဆိုဆွေးနွေးညှိနှိုင်းမှု ပြုလုပ်နိုင်ရေးအတွက် အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီကို သတ်မှတ်ချက်နှင့်အညီ သတ်မှတ်ကာလအတွင်း အောက်ပါအတိုင်း ဖွဲ့စည်းရမည်။[i]
(၁)  အလုပ်သမားများက ရွေးချယ်ပေးသော အလုပ်သမားကိုယ်စားလှယ် သုံးဦး
(၂)  အလုပ်ရှင်ကိုယ်စားလှယ် သုံးဦး

၄။ -

(က)  ပုဒ်မ ၃ အရ ဖွဲ့စည်းသည့် ညှိနှိုင်းရေးကော်မတီတွင် အလုပ်ရှင်ဘက်မှဖြစ်စေ၊ အလုပ်သမားဘက်မှဖြစ်စေ၊ ကိုယ်စားလှယ်လစ်လပ်ပါက သက်ဆိုင်ရာဘက်မှ လိုအပ်သလို ဖြည့်စွက်ရမည်။
(ခ)  ညှိနှိုင်းရေးကော်မတီ၏ သက်တမ်းသည် နှစ်နှစ်ဖြစ်သည်။[i]

၂၀၁၉ ခုနှစ်၊ ဒုတိယအကြိမ် ပြင်ဆင်

 

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး နည်းဥပဒေများ၊ အခန်း (၂)[i]

၃။ ညှိနှိုင်းရေးကော်မတီဝင်သည် -

(က)  အသက် ၂၁ နှစ်ပြည့်ပြီးသူ ဖြစ်ရမည်။
(ခ)  အလုပ်သမားကိုယ်စားလှယ်အတွက် သက်ဆိုင်ရာလုပ်ငန်းတွင် အမြဲတမ်းအလုပ်သမားဖြစ်ပြီး အနည်းဆုံး လုပ်သက်ခြောက်လရှိသူ ဖြစ်ရမည်။
(ဂ)  အလုပ်ရှင်ကိုယ်စားလှယ်အတွက် သက်ဆိုင်ရာလုပ်ငန်းတွင် စီမံခန့်ခွဲရေး တာဝန်ယူဆောင်ရွက်နေသူ ဖြစ်ရမည်။

၄။ ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းရာတွင် ပါဝင်ရမည့် အလုပ်သမားကိုယ်စားလှယ် ဦးရေသည် -

(က)  အလုပ်သမားအားလုံး အလုပ်သမားအဖွဲ့အစည်းဝင် ဖြစ်သည့်လုပ်ငန်း သို့မဟုတ် အလုပ်သမားစုစုပေါင်းဦးရေ၏ ၅၀ ရာခိုင်နှုန်းနှင့် ယင်းရာခိုင်နှုန်းအောက်နည်းသော အလုပ်သမားအဖွဲ့အစည်းဝင်မဟုတ်သူများရှိသည့် လုပ်ငန်းဖြစ်ပါက ယင်းလုပ်ငန်းရှိ အလုပ်သမားအဖွဲ့အစည်းတစ်ခုချင်းမှ ကိုယ်စားလှယ် နှစ်ဦးစီ[i] ဖြစ်ရမည်။[1]
(ခ)  အလုပ်သမားစုစုပေါင်းဦးရေ၏ ၅၀ ရာခိုင်နှုန်းထက်ပိုသော အလုပ်သမားအဖွဲ့အစည်းဝင်မဟုတ်သူများရှိသည့် လုပ်ငန်းဖြစ်ပါက ယင်းလုပ်ငန်းရှိ အလုပ်သမားအဖွဲ့အစည်းအရေအတွက်နှင့် ယင်းအရေအတွက်အတိုင်း အလုပ်သမားအဖွဲ့အစည်းဝင် မဟုတ်သူများ၏ ကိုယ်စားလှယ်အရေအတွက်တို့၏ စုစုပေါင်း[i] ဖြစ်ရမည်။[2][vote]
(ဂ)  အလုပ်သမားအဖွဲ့အစည်းမရှိသော လုပ်ငန်းဖြစ်ပါက ယင်းလုပ်ငန်းရှိ အလုပ်သမားများက ရွေးချယ်ပေးသော အလုပ်သမားကိုယ်စားလှယ် နှစ်ဦး[i] ဖြစ်ရမည်။[vote]

၅။ ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းရာတွင် ပါဝင်ရမည့် အလုပ်ရှင်ကိုယ်စားလှယ် ဦးရေသည် -

(က)  အလုပ်သမားအဖွဲ့အစည်း ရှိသည့်လုပ်ငန်းဖြစ်ပါက ယင်းလုပ်ငန်းတွင် ပါဝင်ခွင့်ရှိသော အလုပ်သမားကိုယ်စားလှယ် ဦးရေအတိုင်း ဖြစ်ရမည်။
(ခ)  အလုပ်သမားအဖွဲ့အစည်း မရှိသည့်လုပ်ငန်းဖြစ်ပါက နှစ်ဦး[i] ဖြစ်ရမည်။

၆။ အလုပ်သမား ၃၀ ဦးနှင့်အထက် အလုပ်လုပ်ကိုင်နေသော လုပ်ငန်းတစ်ခုတွင် စုပေါင်းသဘောတူညီချက်ကို ညှိနှိုင်းနိုင်ရန် အလုပ်ရှင်သည် ညှိနှီုင်းရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီး ပုံစံ (၁) ဖြင့် ညှိနှိုင်းရေးကော်မတီဝင်များ၏ အမည်စာရင်းကို ပြုစု၍ ၁၄ ရက်အတွင်း သက်ဆိုင်ရာ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့သို့ ပေးပို့ရမည်။ ညှိနှိုင်းရေးကော်မတီဝင် အမည်စာရင်းပြောင်းလဲမှုရှိသည့်အခါ အထက်ပါအတိုင်း ပြင်ဆင်ပေးပို့ရမည်။


အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေကို ၂၀၁၉ ခုနှစ်တွင် ဒုတိယအကြိမ်ပြင်ဆင်ခဲ့ပြီးနောက် ၂၀၁၂ ခုနှစ်တွင် ပြဌာန်းခဲ့သည့် အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး နည်းဥပဒေများ ကို မပြင်ဆင်သေးပါ။

၂၀၁၂ ခုနှစ်၊ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး နည်းဥပဒေများတွင် မပြင်သေးသော်လည်း ၂၀၁၉ ခုနှစ်၊ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေ ဒုတိယအကြိမ်ပြင်ဆင်ချက်တွင် သုံးဦး ဟုပြင်ဆင်ပြီး ဖြစ်ပါသည်။

[1]  ရှင်းလင်းချက် - အလုပ်သမားအားလုံး သို့မဟုတ် အလုပ်သမားအားလုံး၏ ၅၀% နှင့်အထက် အလုပ်သမားများမှာ အလုပ်သမားအဖွဲ့အစည်းဝင် (သမဂ္ဂအဖွဲ့ဝင်) ဖြစ်နေလျှင်
  • အလုပ်သမားအဖွဲ့အစည်း (သမဂ္ဂအဖွဲ့) တစ်ဖွဲ့တည်းဖြစ်ပါက ၎င်းအဖွဲ့အစည်းထံမှ သုံးဦး
  • အလုပ်သမားအဖွဲ့အစည်း (သမဂ္ဂအဖွဲ့) တစ်ဖွဲ့ထက်ပိုပါက ၎င်းအဖွဲ့အစည်းများ တစ်ဖွဲ့ချင်းစီထံမှ သုံးဦးစီ
[2]  ရှင်းလင်းချက် - အလုပ်သမားအားလုံး၏ ၅၀% အောက် အလုပ်သမားများသာ အလုပ်သမားအဖွဲ့အစည်းဝင် (သမဂ္ဂအဖွဲ့ဝင်) ဖြစ်နေလျှင်
  • ယင်းလုပ်ငန်းရှိ အလုပ်သမားအဖွဲ့အစည်းအရေအတွက်နှင့်
  • ယင်းအရေအတွက်အတိုင်း အလုပ်သမားအဖွဲ့အစည်းဝင်မဟုတ်သူများ၏ ကိုယ်စားလှယ်အရေအတွက်တို့၏ စုစုပေါင်း
ဖြစ်ရမည်။ အလွယ်မှတ်ယူရန်မှာ အလုပ်သမားအဖွဲ့အစည်း (သမဂ္ဂအဖွဲ့) သို့မဟုတ် အလုပ်သမားအဖွဲ့အစည်းများ (သမဂ္ဂအဖွဲ့များ) ထံမှရသော ကိုယ်စားလှယ်အရေအတွက်နှင့် ၎င်းအရေအတွက်နှင့်တူညီသာ ကိုယ်စားလှယ်အရေအတွက်ကို အလုပ်သမားအဖွဲ့အစည်းဝင် (သမဂ္ဂအဖွဲ့ဝင်) မဟုတ်သူများထံမှ ရွေးချယ်ရန်ဖြစ်ပါသည်။

 

[vote]  နည်းဥပဒ ၄ ၏ (ခ) နှင့် (ဂ) အခြေအနေတို့တွင် အလုပ်သမားများက ၎င်းတို့၏ ကိုယ်စားလှယ်ကို လွတ်လပ်စွာ မဲပေးရွေးချယ်နိုင်အောင် (WCC ရွေးကောက်ပွဲ) ဆောင်ရွက်ပေးရမည်။

Comments

Popular posts from this blog

အလုပ်ထွက်သွားသော အလုပ်သမားများ၏ လုပ်ခကျန်ငွေ ပေးချေခြင်း သို့မဟုတ် Resign လစာ ပေးချေခြင်း

ဒီပါဝလီနေ့ ပိတ်ရက်ကြေညာခြင်း

Decision of 352nd Session of ILO Governing Body