WCC ရွေးကောက်ပွဲ သို့မဟုတ် WCC အလုပ်သမားကိုယ်စားလှယ် ရွေးချယ်ခြင်း
အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (Workplace Coordination Committee - WCC) ဖွဲ့စည်းရာတွင် အလုပ်သမားကိုယ်စားလှယ်များကို ရွေးချယ်ရန် အများအခေါ် WCC ရွေးကောက်ပွဲ ပြုလုပ်ရမည်၊ မည်သို့ပြုလုပ်ရမည်ကို အလုပ်သမားဥပဒေတွင် ပြဌာန်းထားခြင်းမရှိပါ။ သို့သော် အလုပ်သမားကိုယ်စားလှယ်သည် အလုပ်သမားများက လွတ်လပ်သောသဘောဆန္ဒဖြင့် ရွေးချယ်ခြင်းခံရသည့် စစ်မှန်သောကိုယ်စားပြုနိုင်သူ ဖြစ်ရမည်ဟူသော အခြေခံသဘောတရားအရ အလုပ်သမားကိုယ်စားလှယ်များကို ရွေးချယ်ရန် အများအခေါ် WCC ရွေးကောက်ပွဲ ပြုလုပ်ရမည်သာ ဖြစ်ပါသည်။ WCC ဖွဲ့စည်းခြင်းနှင့်သက်ဆိုင်သော အလုပ်သမားဥပဒေပြဌာန်းချက်များကို အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းခြင်း တွင် ကြည့်ရှုနိုင်ပါသည်။
သို့ရာတွင် လုပ်သားအင်အားအများအပြားဖြင့်လုပ်ကိုင်ရပြီး အလုပ်ချိန်တစ်မိနစ်သည်ပင်လျှင် ကုန်ထုတ်လုပ်မှုအပေါ် အကျိုးသက်ရောက်မှုရှိသော အထည်ချုပ်လုပ်ငန်းများအနေဖြင့် WCC ရွေးကောက်ပွဲကို အမှန်ဆုံးနှင့် အမြန်ဆုံးဖြစ်အောင် စနစ်တကျ ကြိုတင်ပြင်ဆင်၍ ဆောင်ရွက်တတ်ရန် လိုပါသည်။
ထိုသို့ဆောင်ရွက်နိုင်ရန် အောက်ပါအကြံပြုချက်များကို အသုံးပြုနိုင်ပါသည်။
ကြိုတင်ပြင်ဆင်ခြင်း
၁။ | အုပ်စုခွဲခြင်း - စုစုပေါင်း အလုပ်သမားဦးရေကို ခန့်မှန်းခြေ အုပ်စု ၆ စုခွဲပါ။ ဥပမာအားဖြင့် စုစုပေါင်း အလုပ်သမား ၁၂၀၀ ဦးရှိသည်ဆိုလျှင် ခန့်မှန်းခြေ အလုပ်သမား ၂၀၀ ဦးစီပါဝင်သော အုပ်စု ၆ စုခွဲပါ။ စက်ချုပ်လိုင်းများပေါင်းခြင်း၊ Packing ၊ QC ၊ Warehose နှင့် Cutting တို့ကဲ့သို့ အခြားဌာန (Other Dep.) များပေါင်းခြင်းဖြင့် ခွဲပါ။ |
၂။ | ကိုယ်စားလှယ်လောင်း - ၎င်းအုပ်စု တစ်စုချင်းစီထံမှ အလုပ်သမား ကိုယ်စားလှယ်လောင်း တစ်ဦးစီ ရွေးချယ်ပေးရန် တောင်းဆိုပါ။ စူပါဗိုက်ဆာများ၊ လိုင်းခေါင်းဆောင်များအား ကြီးကြပ်ဆောင်ရွက်စေခြင်းဖြင့် ရနိုင်ပါသည်။ |
၃။ | ဆန္ဒမဲပုံး - ၎င်းအုပ်စု တစ်စုချင်းစီထံမှရသော ကိုယ်စားလှယ်လောင်း တစ်ယောက်ချင်းစီအတွက် မဲပုံးတစ်ပုံးစီ စီစဥ်ပါ။ ဥပမာ A4 စာရွက်ပုံး သို့မဟုတ် ဂိုထောင်မှ အထည်စက္ကူပုံး ၆ ပုံးကိုရှာပါ။ စက္ကူပုံးတစ်ပုံးချင်းစီတွင် ကိုယ်စားလှယ်လောင်းတစ်ဦးချင်းစီ၏ ရုပ်ပုံနှင့် အမည်ကို ကပ်ထားပါ။ ပုံးများကို အဖုံးပိတ်ပါ။ အဖုံးတိုင်းတွင် ဆန္ဒမဲလက်မှတ်ထည့်ရန် အပေါက်သေးတစ်ပေါက်စီဖောက်ပါ။ ဘုရား အလှူခံပုံးများကို နမူနာယူ၍ ရနိုင်ပါသည်။ |
၄။ | ဆန္ဒမဲလက်မှတ် - A4 စာမျက်နှာတစ်မျက်နှာပေါ်တွင် အနည်းဆုံး လေးထောင့်ကွက် ၁၀ ကွက်ပါဝင်သော ပုံစံတူ အကွက်များလုပ်၍ ဆန္ဒမဲလက်မှတ်များ ပြုလုပ်ပါ။ ၎င်းလေးထောင့်ကွက် (ဆန္ဒမဲလက်မှတ်) တစ်ခုချင်းစီပေါ်တွင် စက်ရုံအမည်၊ WCC ရွေးကောက်ပွဲ၊ ရက်စွဲ နှင့် ဆန္ဒမဲလက်မှတ်ဟူသော စာသားတို့ အနည်းဆုံးပါဝင်ပါစေ။ ၎င်း A4 စာရွက်များကို ပရင့်ထုတ်၊ မိတ္တူပွား၊ လေးထောင့်ကွက်များကို ဖြတ်ထုတ်ခြင်းဖြင့် ဆန္ဒမဲလက်မှတ်အမြောက်အမြား ရရှိမည်ဖြစ်ပါသည်။ |
၅။ | ရွေးကောက်ပွဲရက် - WCC ရွေးကောက်ပွဲပြုလုပ်မည့်ရက်ကို အနည်းဆုံးတစ်ရက် ကြိုတင်ကြေငြာပါ။ လိုင်းထဲသို့ အသံချဲ့စက်ဖြင့်ကြေငြာခြင်း၊ နို့တစ်ဘုတ်တွင် စာကပ်ခြင်းတို့ဖြင့် ကြေငြာနိုင်ပါသည်။ နို့တစ်ဘုတ်၌ စာကပ်ရာတွင် နေ့ရက်၊ အချိန်၊ အစီအစဥ်တို့အပြင် အလုပ်သမားကိုယ်စားလောင်းများ၏ အမည်နှင့် ရုပ်ပုံများလည်း ပါဝင်သင့်ပါသည်။ |
ကိုယ်စားလှယ်ရွေးပွဲပြုလုပ်ခြင်း
၆။ | မဲထည့်ချိန် - WCC ရွေးကောက်ပွဲပြုလုပ်ရန် ထမင်းစားနားချိန်ကို ရွေးချယ်သင့်သည်။ ဝန်ထမ်းများ ထမင်းစား အသွားအပြန် လမ်းခရီးတွင် ဆန္ဒမဲထည့်နိုင်ရန် စီစဥ်ထားပါ။ အချိန်လိုအပ်ချက်ရှိပါက ထိုနေ့အတွက် ထမင်းစားနားချိန်ကို အချိန် ၁၅ မိနစ်ခန့်ပိုပေးခြင်း စသည်ဖြင့် ဆောင်ရွက်နိုင်ပါသည်။ |
၇။ | ဆန္ဒမဲလက်မှတ်ဝေထားခြင်း - WCC ရွေးကောက်ပွဲပြုလုပ်မည့်ရက်တွင် ဝန်ထမ်းများ ဆန္ဒမဲထည့်ကြမည့် ထမင်းစားချိန်မတိုင်မီ တစ်နာရီခန့်အလိုတွင် သက်ဆိုင်ရာလိုင်းအလိုက် စူပါဗိုက်ဆာများ၊ ခေါင်းဆောင်များကို ခေါ်၍ ဆန္ဒမဲထည့်ရမည့် ဝန်ထမ်းအရေအတွက်အတိုင်း ဆန္ဒမဲလက်မှတ်များ ထုတ်ပေးပြီး ဝန်ထမ်းများအား ဝေပေးခိုင်းထားပါ။ မဲထည့်ရမည့်အစီအစဥ်ကို ထပ်မံရှင်းပြခိုင်းထားပါ။ |
၈။ | မဲထည့်ခြင်း - ဝန်ထမ်းများ ထမင်းစားချိန်နားသည့်အခါ ထမင်းစား အသွားအပြန် လမ်းခရီးတွင် ၎င်းတို့အဆင်ပြေသလို ဆန္ဒမဲထည့်ခိုင်းပါ။ လိုအပ်လျှင် အသံချဲ့စက်ဖြင့်ကြေငြာပေးပါ။ |
၉။ | စောင့်ဆိုင်းခြင်း - ဝန်ထမ်းများ ထမင်းစားနားချိန်ပြီးသည့်အခါ မဲပုံးများကို နောက်ထပ် နာရီဝက်ခန့် ဆက်လက်ထားရှိပြီး ဆန္ဒမဲ မထည့်ရသေးသူများ မဲထည့်နိုင်အောင် စောင့်ဆိုင်းပေးပါ။ အသံချဲ့စက်ဖြင့် အသိပေးပါ။ |
မဲရေတွက်ခြင်း၊ မဲရလာဒ်ကြေငြာခြင်း
၁၀။ | ကိုယ်စားလှယ်လောင်းများကိုခေါ်ခြင်း - ဆန္ဒမဲထည့်ရန် သတ်မှတ်ချိန်အပြီး နောက်ထပ် နာရီဝက်ခန့် စောင့်ဆိုင်းပြီးနောက် မဲပုံးများသိမ်း၍ မဲရေတွက်တော့မည်ဖြစ်ကြောင်းနှင့် အလုပ်သမားကိုယ်စားလှယ်လောင်းများ၏ရှေ့တွင် ရေတွက်မည်ဖြစ်သောကြောင့် ကိုယ်စားလှယ်လောင်းများ လာရောက်ကြရန် အသံချဲ့စက်ဖြင့် ကြေငြာပါ။ |
၁၁။ | မဲရေတွက်ရန်နေရာနှင့်မဲရေတွက်ခြင်း - မဲရေတွက်ရန်နေရာကို မည်သည့်နေရာကိုမဆို ရွေးချယ်နိုင်ပါသည်။ သို့သော် လိုင်းထဲရှိ လျှောက်လမ်းများဆုံရာ နေရာကျယ်ကဲ့သို့ လူအများမြင်သာသော နေရာဖြစ်လျှင် ပို၍ကောင်းပါသည်။ အဓိကအရေးကြီးသည်မှာ အလုပ်သမားကိုယ်စားလောင်းများ၏ ရှေ့တွင် မဲရေတွက်ပါ။ |
၁၂။ | မဲရလာဒ်ကြေငြာခြင်း၊ လက်မှတ်ထိုးခိုင်းခြင်း - မဲရလာဒ်များကို အလုပ်သမားကိုယ်စားလောင်းများ၏ ရှေ့တွင် တစ်ခါတည်းကြေငြာပါ။ စာရွက်တစ်ရွက်တွင် ချရေးပါ။ ကိုယ်စားလှယ်လောင်းများ အားလုံးကို လက်မှတ်ထိုးခိုင်းပါ။ |
၁၃။ | ကိုယ်စားလှယ်ရွေးချယ်မှုနှင့် ကြေငြာခြင်း - မဲရလာဒ်အများဆုံးရရှိသူ အလုပ်သမားကိုယ်စားလှယ် သုံးဦးကို အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင် အလုပ်သမားကိုယ်စားလှယ်များအဖြစ် ရွေးချယ်ကြောင်း ကြေငြာပါ။ ရွေးချယ်ခြင်းမခံသူများထဲမှ မဲရလာဒ်အများဆုံးရသူကို အရံကိုယ်စားလှယ် (၁)၊ ဒုတိယအများဆုံးရသူကို အရံကိုယ်စားလှယ် (၂) နှင့် အနည်းဆုံးရသူကို အရံကိုယ်စားလှယ် (၃) အဖြစ် သတ်မှတ်ကြောင်းနှင့် အကြောင်းတစ်ခုခုကြောင့် အလုပ်သမားကိုယ်စားလှယ်နေရာ လစ်လပ်ပါက ၎င်းအရံကိုယ်စားလှယ်များကို အစဥ်လိုက် အစားထိုးသွားမည်ဖြစ်ကြောင်း ကြေငြာပါ။ ယင်းအကြောင်းအရာများကို မဲရေတွက်ရာနေရာတွင်လည်း သေချာအောင် ရှင်းပြပါ။ လိုင်းထဲသို့လည်း အသံချဲ့စက်ဖြင့် ကြေငြာပါ။ |
WCC အကြောင်းရှင်းပြပါ
၁၄။ | WCC အလုပ်သမားကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရသူ ၃ ဦးနှင့် အရံကိုယ်စားလှယ်များ အားလုံးကို ဝန်ထမ်းရေးရာမန်နေဂျာက WCC အကြောင်း၊ WCC ကိုယ်စားလှယ်များ၏ အရေးပါမှုအကြောင်းတို့ကို ရှင်းပြပါ။ |
WCC ကိုယ်စားလှယ်များအမည်စာရင်း ပေးပို့ခြင်း
၁၄။ | WCC ဖွဲ့စည်းပြီးနောက် အလုပ်ရှင်ကိုယ်စားလှယ်နှင့် အလုပ်သမားကိုယ်စားလှယ်များ၏ အမည်စာရင်းကို သတ်မှတ်ပုံစံ (ပုံစံ ၁) ဖြင့်ပြုစု၍ ၁၄ ရက်အတွင်း သက်ဆိုင်ရာ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့သို့ ပေးပို့ပါ။ မိတ္တူတစ်ရွက်ပေါ်တွင် လက်ခံရရှိကြောင်း အမှတ်အသားပြု၍ ပြန်ယူခဲ့ပါ။ |
မှတ်တမ်းတင်ခြင်း
၁၅။ | ကြိုတင်ပြင်ဆင်ခြင်း အဆင့်မှ ကိုယ်စားလှယ်အမည်စာရင်းပေးပို့သည်အထိ ဆောင်ရွက်ချက်အဆင့်တိုင်းကို မှတ်တမ်းရေးသားပြုစုပါ။ စာရွက်စာတမ်းအားလုံးကို မူရင်း သို့မဟုတ် အနည်းဆုံး မိတ္တူတစ်စောင်စီသိမ်းဆည်းပါ။ ဓါတ်ပုံ၊ ဗီဒီယိုမှတ်တမ်းများ ရယူပါ။ သိမ်းဆည်းပါ။ |
ထိုသို့သော ဆောင်ရွက်ချက်အဆင့်များပြီးလျှင် အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) ဖွဲ့စည်းခြင်း ပြီးဆုံးပြီဖြစ်ပါသည်။ အထက်ဖော်ပြပါ WCC ရွေးကောက်ပွဲ လုပ်ငန်းစဥ်များသည် ဥပဒေအချက်အလက်များမဟုတ်ကြပါ။ အကြံပြုချက်များသာဖြစ်ပါသည်။ မိမိလိုအပ်ချက်နှင့်ကိုက်ညီအောင် ချဲ့ထွင်၍သော်လည်းကောင်း၊ တီးဖြတ်၍သော်လည်းကောင်း၊ အသုံးပြုနိုင်ပါသည်။ ၎င်းအကြံပြုချက်များကို အသုံးပြုခြင်းကြောင့်ဖြစ်သော အကောင်းအဆိုး အကျိုးဆက်ကို အသုံးပြုသူကာယကံရှင်ကသာ ခံစားရမည် သို့မဟုတ် တာဝန်ယူရမည်ဖြစ်ပါသည်။
Comments
Post a Comment